တချိန်က အခမဲ့ဆေးခန်းဖွင့်တာတောင် နာမည်တပ်ခွင့် မရခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်

ရွေးကောက်ပွဲနီးမှ ပြည်သူကို သတိရတာမဟုတ်ပဲ ၂၀၁၀ နှစ်များဆီက ဆရာ့နာမည်နဲ့ ဖွင့်ခွင့်မရခဲ့တဲ့ အချိန်ထဲက ဆေးခန်းလေး ခုတော့ ၉ နှစ်ပြည့်ခဲ့ပြီ

ချစ်ခြင်းအားဖြင့် ( တေမိ မလုပ်ချင်တဲ့ ဆရာဝန်တယောက်သို့ ) နေမကောင်းဘူးဆို၊ သတိရတယ်ဆရာ ။ ဒီနေ့ ဆရာ ကမကထပြု မျိုးစေ့ချတည်ထောင်ခဲ့တဲ့ အမရသုခ ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်း အဆောက်အဦဟောင်းလေးကို ပြုပြင်မွမ်းမံမှု အောင်မြင်ခြင်းအတွက် ရေစက်ချ ပြီး ဖွင့်ပွဲလုပ်တယ်ဆရာ ။ဆရာကျန်းမာရေးကောင်းနေရင် ဒီနေ့လိုပွဲမျိုးကို အရောက်လာပြီး လူတကာကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်နေမှာလဲ မြင်ယောင်မိပါသေးတယ် ။ဆရာစိုက်ပျိုးခဲ့တဲ့ အမရသုခ သစ်ပင်လေး ဖွံ့ထွားသန်မာပြီး အဖူးအပွင့်တွေ ဝေဆာနေပြီ ဆရာ။ အမရသုခမှာ မှတ်ပုံတင်ထားတဲ့ ဆီးချိုလူနာ ၄၀၀ကျော်နဲ့ သွေးတိုးလူနာ ၂၀၀ကျော်အတွက် ဆေးဝါးအပြည့်အစုံကို လစဉ်ထောက်ပံ့နေတယ် ဆရာ ။ Dental ၊ ECG , Ultrasound , X ray ,Lab တွေ ပါတွဲထားတော့ လူနာတွေ အတွက်အထိုက်အလျောက်တော့ အားကိုးစရာ ရပါတယ် ။

၉နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ အမရသုခဆေးခန်းလေး ကနေ ကုသထောက်ပံ့ပေးလိုက်တဲ့ လူနာပေါင်း မြောက်များစွာရဲ့ မေတ္တာတွေ ၊ ကုသိုလ်အကျိုးတရားတွေကြောင့် ဆရာအမြန်ဆုံး ကျန်းမာလာမယ်လို့ ယုံကြည်ပါတယ် ဆရာ ။ မေတ္တာလဲ အထူးပို့မနေတော့ပါဘူး ၊ ဆုလဲတောင်းမနေတာ့ပါဘူး ။ဘဝရဲ့အချိန်တော်တော်များများကို အများအတွက် အမှန်တရားအတွက် ရပ်တည်ရင်း ပင်ပန်းနေတဲ့ဆရာ့ကို ကျနော်တို့က အနားယူစေချင်တာပါ။ ဆရာ့ ခံယူချက်က ငရဲကြီးရှစ်ထပ်ကြောက်လို့ ဆွံ့အနားမကြားလုပ်ပြီး တေမိမင်းသားလိုတော့ မနေနိုင်ဘူးဆိုတာ သိပါတယ် ၊ အများပြည်သူအကျိုးများမယ်ဆိုရင် ဝေဖန်ကဲ့ရဲ့သံတွေ ၊ ချစ်တင်း မုန်းတင်းစကားတွေကို ဥပေက္ခာပြုရင်း ယုံကြည်ရာအတွက် ဘဝတခုလုံးကို မြုပ်နှံထားတဲ့ ဆရာ့ကို ကျနော်တို့ အားလုံးက ရိုးသားစွာနဲ့ ချစ်ကြပါတယ်ဆရာ ။

စေတနာသည် ကံ ၊ ကံသည်အလုပ် တဲ့ လူနာတွေ အပေါ်ထားတဲ့ ဆရာ့ရဲ့ စေတနာ၊ စေတနာ က တဆင့် လက်တွေ့ကုသ အမြဲတမ်းအဆင်ပြေအောင် စီမံပေးခဲ့တဲ့ ဆရာ့အလုပ်တွေရဲ့ ကုသိုလ် အကျိုးတရားကြောင့် အမြန်ဆုံး ကျန်းမာလာပါ့စေဆရာ ။ ဆရာ့ကို ချစ်ကြတဲ့ အမရသုခကုသိုလ်ဖြစ်အခမဲ့ဆေးခန်း မှ လုပ်ဖေါ်ကိုင်ဘက်များ ကိုယ်စား

Credit-Aungsan Win