မြန်မာပြည် အတွက်အရေးကြီးသည့် လူနာအမှတ် ‘ဇီးရိုး’ (ပြည်သူများ အချိန်မှီသတင်းပို့ရန်လို)

ခုတလော ဖေ့ဘွတ်ပေါ်က ကမ္ဘာကြီး နှစ်ခြမ်းခွဲနေတဲ့ ကိစ္စလေးပေါ့… COVID-19 နဲ့ပတ်သတ်ပြီးတော့လေ… မြန်မာနိုင်ငံမှာ မရှိသေးတာကို မယုံတဲ့ အခြမ်းက တဖတ်… ယုံတဲ့အခြမ်းက တဖတ်ဆိုပဲ… ယုံတဲ့ဖက်ကပဲနေနေ မယုံတဲ့ဖက်ကပဲနေနေ… သေခြာတာကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိပါတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့ ပထမဆုံးလူနာ မရှိသေးတာပဲ…ပထမဆုံးလူနာ… ပထမဆုံးလူနာ…ကူးစက်ရောဂါ ဆရာဝန်တစ်ယောက်အနေနဲ့ အဲ့ဒီ ပထမဆုံးလူနာဆိုတာကြီးကို တွေးပြီးကြောက်ရတာ ညည ကောင်းကောင်းတောင် အိပ်မပျော်ပါဘူး… ကိုယ်ပတ်ဝန်းကျင်က ဆရာဝန်မဟုတ်သူတွေကတော ဖြောင်းဖျရှာပါတယ်… ပထမဆုံးလူနာတွေ့တောရောဘာဖြစ်လဲ… ဒီတစ်ယောက်ကိုမှ ဘာလို့ထူးပြီးကြောက်နေရသလဲတဲ… တစ်ယောက်ထဲပဲဟာ ပြန့်မှ မပြန့်သေးတာတဲ… အစပိုင်းတုန်းကတော့ သူတို့တွေနားမလည်လို့ပဲလို့တွေးပြီး ပြန်မပြောခဲ့ပေမယ့် မေးတဲ့သူများလာတော့ ပြောမှကို ဖြစ်တော့မယ်ဆိုတာနဲ့ အိပ်မပျော်မယ့် အတူတူ ဒီစာကို ထရေးရတော့တာပါပဲ…

ကျွန်မတို့ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဝေါဟာရ အရ အဲ့ဒီ ပထမဆုံးပိုးတွေ့တဲ့ လူနာကို လူနာ အမှတ် ‘၀’ လို့ခေါ်ပါတယ်…

နိုင်ငံတစ်ခု/ လူ့အဖွဲ့အစည်းတစ်ခုမှာ ရောဂါပိုးကို စပြီးဖြန့်မဲ့သူပေါ့…အကယ်၍များ အဲ့ဒီ အစစ်အမှန် လူနာ ‘၀’ ကိုများ ကျွန်မတို့တွေ့ခဲ့လျှင်…(၁) သူ့ဆီကနေတဆင့် တခြားသူတွေကို မကူးစက်နိုင်အောင် စနစ်တကျစီစဉ်နိုင်မယ်(၂) သူနဲ့ထိတွေ့ ဆက်ဆံခဲ့တဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အားလုံးကို ကျွန်မတို့က စနစ်တကျ စောင့်ကြည့်နိုင်မယ်…အဲ့ဒီစောင့်ကြည့်လူနာထဲကမှ ရောဂါလက္ခဏာတွေ့တဲ့သူကို စောစောတွေ့ရ စောစောကုသမှုပေးနိုင်မယ် ဒီလိုနည်းနဲ့ ကျွန်မတို့ဟာ ရောဂါပြန့်နှံ့မှုကို ကိုယ့်မျက်စိရှေ့မှာထားပြီး လိုသလို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်…

အကယ်၍များ ကျွန်မတို့က အဲ့ဒီ စပြီးဖြန့်ဝေမယ့် လူနာကိုမသိခဲ့ရင် … သူ့ဆီကနေ မပြန့်သွားဖို့ အချိန်မှီ မတားဆီးနိုင်ခဲ့ရင်… ကျွန်မတိုဟာ သူ့ဆီကနေမှ တဆင့်ကူးသွားတဲ့လူနာအများကြီးကို မနိုင်မနင်းနဲ့ ရင်ဆိုင်ကြရတော့မှာဖြစ်ပါတယ်…နိုင်ငံတကာမှာလည်း ဒီ လူနာ အမှတ် ‘၀’ ကို ကောင်းကောင်းစီမံနိုင်လို့ ရလာဒ်ကောင်းတွေရှိတဲ့ နိုင်ငံရှိသလို… တောင်ကိုရီးယားက ဘာသာရေးအဖွဲ့မှာ ဖြစ်ခဲ့သလို ရောဂါအကြောင်းကို ဖုံးဖိထိန်ချန်ထားလို့ လူတွေအများကြီးကို ကူးစက်ပြီးမှသိရပြီး အခြေအနေဆိုးသွားရတဲ့ ဥပမာကိုလည်း လူတိုင်းသိပြီးဖြစ်မှာပါ…

ဒီလောက်ဆိုရင် ကျွန်မတို့ ဘာလို့ လူနာ ‘၀’ ကို ကြောက်လဲဆိုတာတွေးမိမှာပါ။ ကျွန်မတို့ လူနာ ‘၀’ ကို တွေ့ရမှာ မကြောက်ပါဘူး။ စနစ်တကျ ထိန်းချုပ်နိုင်အောင် စီမံပြီးသားပါ။ ကျွန်မတို့ကြောက်တာ တကယ့် အစစ်အမှန် လူနာ ‘၀’ လွတ်သွားမှာကိုကြောက်တာပါ။ လက်ရှိမှာတော့ ကိုယ်အပါအဝင် လူအားလုံးဟာ လူနာအမှတ် ‘၀’ ဖြစ်နိုင်ပါတယ်…

ကိုယ်ကစပြီး ဖြန့်ဝေတဲ့သူဖြစ်နိုင်သလို… ကိုယ့်နဲ့ ပတ်သတ်တဲ့သူ တစ်ယောက်ယောက်ဆီကလည်း ကိုယ်တောင် မသိလိုက်ပဲ ကူးစက်ခံရပြီးသားဖြစ်နိုင်ပါတယ်… အဓိက ကတော့ ရောဂါပျိုးချိန် တနည်းအားဖြင့် ကိုယ်ခန္ဓာအတွင်း ရောဂါပိုဝင်ပြီးသော်လည်း ရောဂါ လက္ခဏာမပြမှီ အချိန်တွင်းမှာကိုပဲ ရောဂါပိုးက တခြားသူတွေဆီကို ကူးစက်နိုင်လို့ပဲ ဖြစ်ပါတယ်…

ဒါတွေကို ကာကွယ်နိုင်ဖို့ အတွက် ဘာတွေလုပ်ရမှာလဲ…(၁) လက်ကို မကြာခဏ စနစ်တကျ ဆေးကြောခြင်း (၂) နှာချေခြင်း ချောင်ဆိုးခြင်းများရှိပါက လက်ဖြင့် သို့မဟုတ် သင့်လျှော်ရာ အဝတ်ဖြင့် အုတ်၍ ပြုလုပ်ခြင်း (၃)လူထူထပ်ရာ နေရာများကို ရှောင်ကြဉ်ခြင်း။ မဖြစ်မနေသွားသည့်အခါများတွင် နှာခေါင်းစည်းများ အုတ်၍သွားလာခြင်း (၄) တကိုယ်ရည် ကျန်းမာရေးကို ဂရုစိုက်၍ မျှတအောင်စားခြင်း၊ လုံလောက်အောင် အိပ်စက် အနားယူခြင်းစသည်တို့ကို လူတိုင်း (လူတိုင်း) ကလုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုတည်းက လိုက်နာလို့ အကျိုးထူးမှာမဟုတ်ပါဘူး။ လိုက်နာတဲ့သူများက မလိုက်နာတဲ့သူများကို သိတဲ့သူများက မသိတဲ့သူများကို ပညာပေး စည်းရုံးရမှာဖြစ်ပါတယ်။

COVID-19 ရဲ့ရောဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း စတာတွေရှိရင် နီးစပ်ရာ ဒေသန္တရဆေးပေးခန်းတွေမှာ ချက်ခြင်းပြသတိုင်ပင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ရောဂါဖြစ်ပွားရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ၊ ၎င်းတို့နှင့် ထိစပ်ပတ်သတ်ခဲ့သူများမှာ အဆိုပါလက္ခဏာများရှိလာပါက ပိုမိုအရေးကြီးပါတယ်။ အချိန်မှီ သတင်းပို့ရမှာဖြစ်ပါတယ်။

ဒီလို သတင်းမှန်ကို အမှန်ဆုံး အစောဆုံးရနိုင်ဖို့ရာမှာ လူနာကိုယ်တိုင်လည်းအရေးကြီးသလို၊ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းများမှ အစ အထူးကုဆေးရုံ၊ ဆေခန်းတွေအထိ အရေးကြီးပါတယ်။ကိုယ်စီကိုယ်စီ အသိရှိရှိ ဝိုင်းဝန်းကာကွယ်ကြမည်ဆိုပါက မြန်မာနိုင်ငံမှာ ပိုးတွေ့ခဲ့လျှင်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြင့် အမြန်ဆုံး ထိမ်းချုပ်နိုင်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။

ဒေါက်တာအေးအေးဝင်း
အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန-ရန်ကုန်ပြည်သူ့ဆေးရုံကြီး