ဂျာမနီနဲ့ ပြင်သစ်ရဲ့ ဗိုင်းရပ်စ်ကူးစက် သေဆုံးမှု အခြေအနေ

ဂျာမနီနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၅၇၂၉၈ ဦးကနေ ၆၁၉၁၃ ဦးအထိ တိုးမြင့်သွားခဲ့ပြီး သေဆုံးသူမှာတော့ ၁၂၈ ဦး ထပ်တိုးကာ စုစုပေါင်း ၅၈၃ ဦး ရှိလာခဲ့တယ်လို့ Robert Koch Institute( RKI ) မှ ဖော်ပြထားပါတယ်။ နိုင်ငံအတွင်း ပိုးကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ ဒေသတွေကတော့ Baden-Wuerttemberg၊ Bavaria နဲ့ North Rhine- Westphalia တို့ ဖြစ်တယ်လို့ သိရပါတယ်။

လူနာတွေကို သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကတစ်ဆင့် လှုပ်ရှားမှုတွေ ခြေရာခံခြင်း အပါအ၀င် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်မယ့် နည်းလမ်းအသစ်တွေကို ဂျာမနီက ထည့်သွင်း စဉ်းစားနေပြီး ယင်းခြေရာခံခြင်း နည်းလမ်းဟာ စင်ကာပူနဲ့ အစ္စရေး စတဲ့နိုင်ငံများစွာမှာ အသုံးပြုနေကြတာဖြစ်ပေမယ့် ဒီဂျစ်တယ် စောင့်ကြည့်မှုဟာ ဂျာမနီနိုင်ငံအတွက် ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း ခြေရာခံ app တွေ အသုံးပြုဖို့ကတော့ မိမိတစ်ဦးတည်းဆန္ဒသာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Christine Lambrecht က ပြောဆိုပါတယ်။

Image may contain: one or more people

တဖန် ပြင်သစ်နိုင်ငံမှာတော့ စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၄၄၅၅၀ ဦး၊ သေဆုံးသူ ၃၀၂၄ ဦးထိ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အကြီးအကဲက တနင်္လာနေ့( မတ်လ ၃၀ ရက်နေ့ )မှာ ပြောပါတယ်။ ဒီသေဆုံးလူနာ အရေအတွက်ဟာ ဆေးရုံမှာ သေဆုံးခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက် လူနာအရေအတွက်ကိုသာ ဖော်ပြထားတာဖြစ်ပြီး နေအိမ်မှာ သေဆုံးခဲ့တဲ့ ပိုးကူးစက် လူနာအရေအတွက်တွေ ထပ်ပေါင်းလိုက်ရင် သေဆုံးလူနာ အရေအတွက် ပိုများပြားနိုင်ကြောင်း ပြင်သစ်အစိုးရက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ဗိုင်းရပ်စ်ကူးစက်လူနာတွေနဲ့ သေဆုံးသူဦးရေ မြင့်တက်လာတာကြောင့် သေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် တားမြစ်ကန့်သက်ချက်တွေ တိုးမြှင့်လိုက်ကြောင်း ပြင်သစ်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ပြင်သစ်မှ နောက်ဆုံးရ ပိုးကူးစက်လူနာ သေဆုံးစာရင်း မထွက်ရှိခင်က ကမ္ဘာတစ်ဝန်းရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးသူ ဦးရေဟာ ၂၅၀၀၀ ကျော်ထိ ရှိနေပြီ ဖြစ်တယ်လို့ AFP သတင်းဌာနမှ ဖော်ပြချက်အရ သိရပါတယ်။

အကုန်သိ