ထရန့် ညွှန်းခဲ့တဲ့ဆေးက COVID-19 လူနာတွေမှာ သေဆုံးမှုအန္တရာယ် မြင့်တက်စေ

လူနာ ၉၆,၀၀၀ ကျော်ကို လေ့လာ‌တွေရှိခဲ့တဲ့ ရလဒ်အရဖြစ်ပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအဖြစ် ၎င်းကိုယ်တိုင်သောက်နေကြောင်း ညွှန်းဆိုခဲ့တဲ့ ဟိုက်ဒရိုကလိုရိုကွင်း (hydroxychloroquine) ငှက်ဖျားဆေးဟာ COVID-19 လူနာတွေမှာ သေဆုံးမှုအန္တရာယ် မြင့်တက်စေခြင်းနဲ့ ဆက်နွယ်နေကြောင်း Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုရလဒ်အရ သိရှိရပါတယ်။

ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၉၆,၀၀၀ ကျော်ကို လေ့လာခဲ့ရာမှာ hydroxychloroquine သို့မဟုတ် ကလိုရိုကွင်း (cloroquine) ငှက်ဖျားဆေးများဖြင့် ကုသခဲ့သူတွေဟာ ထိုဆေးများ မပေးထားခဲ့သူတွေထက် သေဆုံးနိုင်တဲ့အန္တရာယ် ပိုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ထရန့်က ကိုရိုနာဗိုင်းရပ်စ်အတွက် ဧပြီလအစောပိုင်းမှာ hydroxychloroquine ငှက်ဖျားဆေးကို အသုံးပြုရန် ညွှန်းဆိုခဲ့ပြီးနောက်ပိုင်း အဆိုပါဆေး ဝယ်လိုအားတွေ ထိုးတက်သွားခဲ့ပါတယ်။ ဒါ့အပြင် သမ္မတထရန့်က မေ ၁၈ ရက်နေ့မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် အဆိုပါ ငှက်ဖျားဆေးကို တစ်နေ့တစ်လုံး သောက်နေခဲ့တာ သီတင်းတစ်ပတ်ခွဲရှိပြီလို့ အံ့အားသင့်ဖွယ် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

Lancet ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုကို ပြုလုပ်ခဲ့သူတွေကတော့ အဆိုပါ ဆေးဖြင့်ကုသမှုကို စမ်းသပ်မှုရလဒ်က ဘေးကင်းစိတ်ချရပြီး COVID-19 လူနာတွေအတွက် ထိရောက်မှုရှိကြောင်း အတည်မပြုနိုင်မီအထိ အသုံးမပြုသင့်ဘူးလို့ အကြံပေးခဲ့ကြပါတယ်။

၎င်းတို့အနေနဲ့ ငှက်ဖျားဆေးသောက်ခြင်းက COVID-19 လူနာတွေမှာ အကျိုးတစ်စုံတရာရှိကြောင်း အတည်မပြုနိုင်ဘူးလို့လည်း လေ့လာမှုပြုလုပ်ခဲ့သူတွေက ပြောခဲ့ပါတယ်။ ဧပြီလအစောပိုင်းမှာ ထရန့်က hydroxychloroquine ငှက်ဖျားဆေးကို COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အလားအလာရှိတဲ့ ဆေးအဖြစ် ညွှန်းဆိုပြောခဲ့ဖူးပါတယ်။ သို့သော် နောက်ပိုင်းမှာ လေ့လာမှုတွေအရ ငှက်ဖျားဆေးဟာ COVID-19 ကုသရေး အထောက်အကူမပြုကြောင်း တွေ့ရှိထားခဲ့ပါတယ်။

Coronavirus: Trump extends US guidelines beyond Easter - BBC News

အမေရိကန် အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration – FDA) ကလည်း ကိုရိုနာဗိုင်းရပ်စ်အတွက် hydroxychloroquine ငှက်ဖျားဆေး အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေဖြစ်စေနိုင်ကြောင်း ဧပြီလအတွင်း သတိပေးထားခဲ့ကြောင်း သိရပါတယ်။

Oil bounces after Trump uses the 'oldest Middle East oil trick in ...

Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ဆေးရုံ ၆၇၁ ရုံမှာ တက်ရောက်နေတဲ့ COVID-19 လူနာများအနက် ၁၄,၈၈၈ ဦးကို ငှက်ဖျားဆေးများ (hydroxychloroquine သို့မဟုတ် chloroquine) ပေးခဲ့ပြီး အခြား လူနာ ၈၁,၄၄၄ ဦးကိုတော့ ထိုဆေးများမပေးခဲ့ဘဲ နှိုင်းယှဉ်လေ့လာခဲ့ကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ဓူဝံ