ကင်ဆာရောဂါဖြစ်တော့မှ အားပေးတဲ့ပရိသတ်ရှိမှန်းသိလာခဲ့ရတဲ့ သရုပ်ဆောင် နွယ်နီ

ကင်ဆာရောဂါခံစားရပြီး ဆေးကုသမှုခံယူရတဲ့အချိန်ရောက်မှ စိုးရိမ်ပေးတဲ့ပရိသတ်တွေရှိနေတာသိရလို့ ၀မ်းသာတယ်ဆိုပြီး သရုပ်ဆောင်နွယ်နီက ပြောလာပါတယ်။

နွယ်နီဟာ အနုပညာလောကထဲကို သူမအသက် ၁၈ နှစ်လောက်ကတည်းက ဇာတ်ကားတွေမှာ ဇာတ်ပို့၊ ဇာတ်ရံအဖြစ် ၀င်ရောက်လာခဲ့သူဖြစ်ပြီး အနုပညာအလုပ်တစ်ခုတည်းကို အသက်မွေးဝမ်းကြောင်း ပြုခဲ့သူလည်း ဖြစ်ပါတယ်။

“အစ်မမှာပရိသတ်မရှိဘူးလို့ပဲထင်ထားခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ပရိသတ်မရှိဘူးလို့ပဲထင်ထားခဲ့တာ။ ရုပ်သံတွေတက်ပြီးမှ အစ်မသိလိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ တချို့ဇာတ်ကားမှာ ကိုယ် သရုပ်ဆောင်ထားပေမဲ့ နာမည်စာတမ်းထိုးချင်မှ ထိုးကြတာ။ တချို့ဆိုဒီအစ်မကြီးက မနွယ်နီဆိုတာကို နာမည်နဲ့လူနဲ့ မတွဲကြဘူး။ အစ်မဈေးသွားရင်တောင် မသိတဲ့သူတွေကအစ်မကရုပ်ရှင်ထဲက အစ်မကြီးနဲ့ တူတယ်နော်ဆိုရင်တောင် ကျွန်မမဟုတ်ပါဘူးလို့ပဲပြောတာ။ ဘာလို့လဲဆိုရင် အစ်မကိုယ်တိုင်က ကျွန်မက သရုပ်ဆောင်ပါဆိုပြီး ပြောရမှာကိုရှက်လို့။ ကိုယ့်ကို မြင်တာနဲ့ သရုပ်ဆောင်ဆိုတာကိုသိရင်တော့ တစ်မျိုးပေါ့။ အခုဒီလိုမျိုးရုပ်သံတွေထွက်လာပြီးတော့မှ ကိုယ့်ကိုအများကြီးစိုးရိမ်ပေးကြတယ်။ ဆုတောင်းမေတ္တာတွေ ပို့ပေးကြတယ်။ အရမ်းပီတိဖြစ်မိပါတယ်။ ငါ့ကိုသိတဲ့သူတွေများပါလား။ ချစ်တဲ့သူတွေများပါလား။ စေတနာမေတ္တာထားတဲ့ သူတွေများပါလားဆိုပြီး ၀မ်းသာနေရတယ်” လို့ နွယ်နီက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက Facebook စာမျက်နှာထက်မှာ သရုပ်ဆောင် နွယ်နီတစ်ယောက် ကင်ဆာရောဂါ ဝေဒနာအဆင့်- ၃ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မီဒီယာတွေရဲ့ဖော်ပြချက်တွေကြောင့် နွယ်နီအနေနဲ့ဆေးကုသဖို့အတွက် အလှူငွေတွေလည်း လက်ခံရရှိနေပေမဲ့လည်း ပရိသတ်တွေက အမြင်ကပ်လာပြီး အဆဲခံရမှာကြောက်တယ်လို့လည်း အကုန်သိသတင်းဌာနကိုဖြေကြားထားပါတယ်။

သရုပ်ဆောင်နွယ်နီက အခုလက်ရှိမှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ကင်ဆာဆေးတစ်ကြိမ်သွင်းပြီးသွားပြီ ဖြစ်ပြီး လာမယ့် ဇွန်လ ၄ ရက်မှာတော့ ရွှေရောင်နှင်းဆီဖောင်ဒေးရှင်းရဲ့အစီအစဉ်နဲ့ ကင်ဆာဆေးကို ဆက်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit-အကုန်သိ