နေ့စဉ်ဘဝကို ဖုန်းScreenထဲမှာ လှောင်ပိတ်မခံကြဘဲ ရပ်ကွက်ထဲဆင်းပြီး လုံခြုံရေးအတွက် ဝိုင်းကူပေးကြဖို့ တိုက်တွန်းလိုက်တဲ့ အောင်မြင့်မြတ်

ပြည်သူလူထုကတော့ ရှိသမျှဉာဏ်တွေအသုံးချပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဖြိုခွင်းခံရမှုတွေ​ရှိနေပေမယ့်လည်း ပြည်သူတွေဟာ နေ့ခင်းဘက်တွေအပြင် ညဘက်တွေမှာပါ ဆီမီးတွေများစွာထွန်းပြီး လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေခဲ့ပါတယ် ။ ယနေ့မှာလည်း နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း လှိုင်သာယာ၊ပဲခူး၊ဖားကန့်စတဲ့နေရာတွေမှာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေအပြင်းအထန်ရရှိကြပြီး မြန်မာပြည်သူပြည်သားတွေက စိတ်ပူလျက်ရှိနေကြပါတယ်။


လမ်းမပေါ်ထွက်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ ပြည်သူတွေလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာနေပြီး လက်ရှိအခြေအနေတွေကို အချိန်နဲ့အမျှ မျှဝေပေးနေသူတွေလည်းရှိနေခဲ့ပါတယ်။ သရုပ်ဆောင်အောင်မြင်မြတ်ကတော့ နွေဦးတော်လှန်ရေးတွေစတင်တဲ့နေ့ကတည်းက ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ အောင်မြင့်မြတ်တစ်ယောက်ဟာ နေ့စဉ်ဘဝကို ဖုန်းScreen သေးသေးလေးထဲမှာ လှောင်ပိတ်မခံကြဘဲ ရပ်ကွက်ထဲဆင်းပြီး ရပ်ကွက်လုံခြုံရေးအတွက် ဝိုင်းကူကြဖို့ တိုက်တွန်းလိုက်ပါတယ်။


အောင်မြင့်မြတ်ကတော့ ” ဆန္ဒပြကြတဲ့ဆီမသွားနိုင်ရင်တောင်မှ ကိုယ့်ရပ်ကွက်ထဲ ကိုယ့်လမ်းထဲလောက်တော့ ဆင်းပြီးလမ်းလျှောက်ကြပါ..ကင်းသမားတွေနဲ့စကားပြောပါ..ရပ်ကွက်လုံခြုံရေးအတွက် တတ်စွမ်းသလောက် ရတဲ့နေရာကနေ ဝိုင်းကူပါ..အိမ်နီးချင်းတွေနဲ့စကားထွက်ပြောပါ..ညဖက်တွေ ဘယ်သူမှသံပုံးမတီးရင်တောင် ကိုယ့်အိမ်ကတော့တီးဖြစ်အောင်တီးပါ..အိမ်ရှေ့လမ်းမပေါ်မှာ ဖယောင်းတိုင်ထွက်ထွန်းပါ..မွန်းကျပ်နေတဲ့စိတ်တွေ အတိုင်းအတာတစ်ခုအထိသက်သာရာရလိမ့်မယ်..အတိုင်းအတာတစ်ခုအထိလဲ စည်းလုံးမှု့ရှိလာပါလိမ့်မယ်..ဖုန်းထဲက ပတ်ဝန်းကျင်ကြီးလောက် အပြင်လောကဟာ စိတ်ညစ်စရာမကောင်းပါဘူး..ကိုယ့်ရဲ့နေ့စဉ်ဘဝကို ဖုန်း Screen သေးသေးလေးထဲမှာ လှောင်ပိတ်မခံပါနဲ့..တစ်နေ့ကို တစ်ခေါက်လောက်တော့ အိမ်အောက်ဆင်းကြည့်လိုက်ပါ “ဆိုပြီး ရေးသားထားခဲ့ပါတယ်။