ဒူဘိုင်းမြို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ကမ္ဘာ့အကြီးမားဆုံး ဈေးပွဲတော်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ဖော်ပြ

UAE နိုင်ငံတွေထဲက ဒူဘိုင်းဟာ သိပ်ကိုလွတ်လပ်လှပတဲ့မြို့လို့ ဆိုနိုင်ပါတယ်။ UAE လိုနိုင်ငံထဲမှာ လုပ်ချင်တဲ့ကိစ္စရပ်တွေ ကမ္ဘာနဲ့တန်းတူနီးပါး လုပ်ဆောင်နိုင်တဲ့မြို့တစ်မြို့လို့ ဆိုရပါမယ်။ သဘာဝထက် လူတွေ တည်ဆောက်ထားတာ ပိုများပေမဲ့လည်း လူတွေရဲ့ တည်ဆောက်ဖန်တီးမှုဟာ ဘယ်လောက် အံ့မခန်းသလဲဆိုတာ သိသာထင်ရှားစွာ မြင်ရတဲ့ မြို့ပါ။ ဒူဘိုင်းမြို့ဟာ ချမ်းသာကြွယ်ဝလွန်းတဲ့အတွက် ကမ္ဘာပေါ်မှာ ထင်ရှားတဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။

ဒူဘိုင်းမှာ ဈေးရောင်းပွဲတော်တွေလည်း ကျင်းပလေ့ရှိပြီး ထူးခြားတာက အံ့ဩဖွယ်ကောင်းလောက်အောင် လျှော့ဈေးတွေနဲ့ရောင်းချပေးတာဖြစ်တဲ့အတွက် နှစ်စဉ် ခရီးသွား ၅ သန်းကျော်ကို ဆွဲဆောင်နိုင်တဲ့ ပွဲလဲဖြစ်ပါတယ်။ အဝတ်အစားကအစ လျှပ်စစ်ပစ္စည်းတွေနဲ့ လူကြိုက်များတဲ့ပစ္စည်းတွေကို ၇၀% အထိလျှော့ဈေးနဲ့ရောင်းတဲ့အပြင် နာရီ၊ ရေမွှေး၊ အိတ်၊ ဖိနပ်တွေနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေကိုလည်း ဈေးတန်တန်နဲ့ ဝယ်ယူနိုင်မှာပါ။

ဒူဘိုင်းက ရွှေဈေးကွက်နဲ့ နာမည်ကြီးပြီး အဆိုပါပွဲတွင်လည်း လက်ဝတ် လက်စားကောင်းတွေကို လျော့ဈေးနဲ့ ရောင်းချပေးပါတယ်။ မြို့ရဲ့နေရာအနှံ့မှာလည်း ကြီးမားတဲ့မီးရှူးမီးပန်းတွေ ဖောက်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။

ဒီနှစ်မှာလည်း အာရပ်စော်ဘွားများ နိုင်ငံ (UAE )| ဒူဘိုင်းမြို့တွင် ကမ္ဘာ့အကြီးမားဆုံး ဈေးပွဲတော်ကြီး ( EXPO 2020 – Dubai ) ကို ၂၀၂၁ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ မတ်လအထိ ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီဖြစ်ပါတယ်။ အဆိုပါပွဲတွင် ခမ်းနားလှပတဲ့ ဗိသုကာ ဒီဇိုင်းများစွာရဲ့ အဆောက်အဦးတွေအကြားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို Dubai EXPO Team မှ ဝင့်ဝင့်ထည်ထည်ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။