မကွေးတွင် ခေတ်စနစ်နှင့် ကိုက်ညီသော မြေယာခွန် ပြောင်းလဲ ကောက်ခံမည်

မြေယာခွန်တွေကို ခေတ်စနစ်နဲ့ လျော်ညီတဲ့ နှုန်းထားအတိုင်း အဆနှစ်ရာတိုးကောက်သွားတော့မှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေကြမ်းဆိုင်ရာ လူထုကြားနာပွဲကနေ သိရပါတယ်။ အဲဒီကြားနာပွဲကို ဇွန်(၁၄)ရက် ညနေပိုင်းက မကွေးမြို့ထိန်ထိန်သာဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။ “ဒီမြေယာခွန် ဥပဒေမူကြမ်းမှာ တိုင်းဒေသကြီးအတွင်း စနစ်တကျ စတင်ကောက်ခံမယ့် အခွန်၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ သွားနေတဲ့ သီးခြား ဥပဒေပြဋ္ဌာန်းပြီး ကောက်ခဲ့တဲ့ ပထမဆုံးအခွန်ဖြစ်တယ် “လို့ ဥပဒေရေးဆွဲရေးကော်မတီအဖွဲ့ဝင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်က ပြောပါတယ်။

အရင်က ကောက်ခံနေတဲ့ လယ်ယာမြေ တစ်ဧကနှုန်းထားတွေပေါ်မှာ အဆနှစ်ရာတိုးကောက်မှာ ဖြစ်ပါတယ်။ “မြေကြီးအမျိုးအစားစိုက်ပျိုးတဲ့ သီးနှံတွေအပေါ်ကို မူတည်ပြီး ပြည်သူလူထုအနေနဲ့လည်း ၀န်ထုတ်ဝန်ပိုးမဖြစ်အောင်၊ နိုင်ငံတော်အနေနဲ့လည်း အခွန်နဲ့လည်ပတ်တဲ့စနစ် ထွန်းကားလာအောင် ကြိုးစားရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ဆိုပါတယ်။ အဆနှစ်ရာတိုးကောက်တဲ့အပေါ်မှာ တောင်သူကိုယ်စားလှယ်တစ်ဦးအနေနဲ့ လက်ခံနိုင်ပေမယ့် လက်ရှိရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာတော့ ပြင်ဆင်စရာ၊ဖြည့်စွက်စရာအချက်တွေ အများကြီးတွေ့နေသေးတယ်”လို့ ပခုက္ကူမြို့က တောင်သူကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်မူမူခိုင်က ပြောပါတယ်။

အရင်က တစ်ဧကကို ကိုင်းမုရင်းခွန်က အများဆုံး (၇)ကျပ်ခွဲကနေ အခုခါ ကျပ်(၁၅၀၀)၊ တောင်ယာခွန်က အရင်က တစ်ဧကကို (၁)ကျပ်ခွဲကနေ အခုခါ ကျပ်(၃၀၀)ဆိုပြီး ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ ဥပဒေမူကြမ်းရဲ့အားနည်းချက်တစ်ခုအနေနဲ့ပုဒ်မ(၅)မှာလယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူများကိုအခွန်ကောက်ခံဖို့ ပါရှိပါတယ်။ (၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေအရ ပုံစံခွန်ရှိသူတွေဟာ လယ်ယာမြေလုပ်ကိုင်ခွင့်ရှိသူတွေဖြစ်ပြီး တောင်သူအချို့မှာ လယ်ယာမြေတွေကို လုပ်ကိုင်နေပေမယ့် ပုံစံခွန်မရရှိသေးတာတွေ ရှိနေတယ်ပါတယ်။

အဲဒီအတွက် လယ်ယာမြေ အမှန်တကယ်လုပ်ကိုင်နေသူတွေအားလုံးကို အခွန်ကောက်ခံစေချင်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးမြေယာခွန် ဥပဒေမူကြမ်းမှာ ဥပဒေပုဒ်မ(၂၄)ချက်ပါဝင်ပါတယ်။ ဥပဒေမူကြမ်းကို တစ်နှစ်ခန့် အချိန်ယူရေးဆွဲခဲ့ရပြီး သက်ဆိုင်ရာဌာနတွေ၊ လူထုအသံတွေကို နားထောင်ပြီး ပြင်ဆင်ဖြည့်စွက်ကာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။