သက်ငယ်မုဒိမ်းအတွက် ထိရောက်တဲ့ဥပဒေမရှိတာ ဝမ်းနည်းစရာကောင်းတယ်ဆိုတဲ့ ချစ်သုဝေ

ချစ်သုဝေဟာ သက်ငယ်မုဒိမ်းမှုတွေ မကြာခဏဖြစ်ပေါ်လာပေမယ့် ထိရောက်တဲ့ ဥပဒေတွေ မရှိသေးဘူးလို့ဆိုပါတယ်။ ကိုယ့်ကိုယ်မထိသေးလို့ ကိုယ်ချင်းစာတရား မထားတတ်ကြလေသလားလို့လည်း သူကပြောပါတယ်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြင်တွေ့နေရတဲ့ သက်ငယ်မုဒိမ်းမှု သတင်းတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ကလေးအရွယ်လေးတွေအဖြစ်များတာကြောင့်လည်း ပိုပြီးစိတ်မကောင်းဖြစ်ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အစ်မ တစ်ကိုယ်တည်းပြောရရင် အဲဒီသတင်းတွေကို အမြင်နဲ့တင် အခုဖြစ်သွားတဲ့ သမီးလေး ဗစ်တိုးရီးယားဆိုရင်လည်း အရွယ်လေးက သမီးလေးတွေနဲ့ မတိမ်းမယိမ်းကိုး အဲဒီတော့ ငါ့သမီးလေးသာဆိုရင် ဆိုတဲ့ အတွေးလေးကို တွေးမိလိုက်တာနဲ့ အစ်မက မခံစားနိုင်ဘူး။ ဒါကြီးကို အစ်မတို့က တစ်ခုခုဖြစ်အောင်ကို လုပ်ရမှာလေနော်။ အချိန်မရွေးဖြစ်သွားနိုင်တဲ့ အသိုင်းအဝိုင်းကြီးထဲမှာ အစ်မတို့ နေနေရသလို ဖြစ်နေပြီ’’ လို့ ဇွန်လ ၂၇ ရက်နေ့က Bay Kinn App မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

ချစ်သုဝေက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ဒီဥပဒေကလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

‘’ အစ်မ ဝမ်းအနည်းဆုံးကတော့ မေတ္တာတရား၊ စာနာခြင်း ဒါတွေ အရမ်းကြီးမားတယ်။ ဘာသာတရား အရမ်းကြီးမားတယ်။ တိုင်းပြည်တစ်ခုဟာ ဒီလို ရုပ်ဆိုးတဲ့ အမှုအခင်းတွေက ဆက်တိုက် ဆက်တိုက်ဖြစ်ပြီး ဒါတွေကို ထိထိရောက်ရောက် အရေးယူခြင်းလည်း ပေါ်မလာဘူး။ ဥပဒေလည်း မရှိဘူးဆိုတာကြီးက အရမ်းဝမ်းနည်း စရာကောင်းတယ်လေ’’လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စည်းမျဉ်းစည်းကမ်းနဲ့ဆောင်ရွက်ရတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း ချစ်သုဝေက သုံးသပ်ပြောပြလာပါတယ်။

‘’ အရမ်းကို လွတ်လပ်ပါပြီဆိုတဲ့ နိုင်ငံတွေမှာတောင် သက်ငယ်မုဒိမ်းနဲ့ ပတ်သက်လာရင် ပြင်းထန်ထိရောက်တဲ့ ဥပဒေတွေရှိတယ်။ အစ်မတို့ကရော ဘာလို့ မရှိရမှာလဲပေါ့နော်။ လူဟာ စာနာနိုင်တယ်ဆိုတာကလေ အစ်မထင်တယ်။ ဥပဒေကြမ်းရေးဆွဲတဲ့သူတွေတို့၊ အဲဒီဟာတွေကို ဆောင်ရွက်နေကြတဲ့သူတွေတို့၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး ခံစားဆောင်ရွက်နေကြတဲ့သူတွေ အားလုံးကလေ ကိုယ်မဖြစ်သေးလို့ပေါ့နော်။ သိပ်စာနာတာပဲဆိုတာက အတိုင်းအတာ တစ်ခုအထိပဲရှိတာလေ။ လူဆိုတာ အဲဒီနေရာ၊ အဲဒီအခြေအနေ အဲဒီအချိန်အခါမှာ ကိုယ်မဖြစ်သေးသ၍၊ ကိုယ့်ကို မထိပါးသ၍ ကိုယ်က နေသာသလို နေသာနေတဲ့ စက်ဝိုင်းလေးထဲမှာ နေနေကြတာပေါ့နော်။ အဲ့ဒါကြီးက ကမ္ဘာကြီးအတွက် မကောင်းဘူး’’ လို့ ဆိုပါတယ်။

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။