သြဂုတ်လ ၆ ရက်၌ အာရီယန်- ၅ ဒုံးပျံဖြင့် Myanmar sat-2 ဂြိုလ်တုလွှတ်တင်မည်

လာမည့် သြဂုတ်လ ၆ ရက်၌ အာရီယန်- ၅ ဒုံးပျံဖြင့် Myanmar sat-2 ဂြိုလ်တုလွှတ်တင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ဇူလိုင်လ ၃၀ ရက်၌အကုန်သိသတင်းဌာန၏ဆက်သွယ်မေးမြန်းမှုအပေါ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဖြေကြားပေးခြင်းဖြစ်သည်။

“ ပထမက ၂၄ ရက်နေ့လွှတ်တင်ဖို့မှာ အာရပ်စော်ဘွားနိုင်ငံကဒုံးပျံကပျက်ကျသွားတော့ သေချာအောင် ပြန်စစ်တဲ့သဘောနဲ့ ရွှေ့လိုက်တယ်။ဒုတိယ ၃ ရက်နေ့ဖြစ်သွားတယ်။ အဲဒီမှာလည်းတစ်ခါ အခုဒုံးပျံမှာ ထည့်ပေးမယ့် ဂြိုလ်တုကအသင့်မဖြစ်ဘူး။ အဲဒါနဲ့ ထပ်ရွှေ့တယ်။ အခုသြဂုတ်လ ၆ ရက်ပေါ့။ သူတို့ ပြင်သစ်စံတော်ချိန်ညနေ ၄ နာရီမှာ လွှတ်တင်မယ်။ ကျွန်တော်တို့ဆီမှာတော့ သြဂုတ်လ ၇ ရက်၊ မနက် ၂ နာရီပေါ့။ အာရီယန် ၅ ဒုံးပျံနဲ့ ဂြိုလ်တုကပါသွားမယ်’’ဟု ၄င်းက ပြောသည်။အဆိုပါ myanmar sat-2 ဂြိုလ်တုသည် တောင်အမေရိကတိုက် ၊ မြောက်အတ္တလန်တိတ် သမုဒ္ဒရာကမ်းခြေ ၊ကော်ရိုး၊ ပြင်သစ်ဝီယာနာရှိ အာရိယန်အာကာသပစ်လွှတ်ရေးအခြေစိုက်စခန်းမှ လွှတ်တင်မည်ဖြစ်သည်။

ဂြိုလ်တုကိုအာရိယန် ၅ ဒုံးပျံဖြင့်လွှတ်တင်ရန်ပြင်ဆင်ထားပြီးအဆိုပါ ဂြိုလ်တုသည်လိုအပ်သောပတ်လမ်းသို့ ရောက်ရှိပါကအနည်းဆုံး ၁၅ နှစ်ဝန်ဆောင်မှုပေးနိုင်သောပုံစံကိုထုတ်လုပ်ထားကြောင်းသိရသည်။“ ဂြိုလ်တုလွှတ်တင်တယ်ဆိုတာ အရင်တုန်းကလိုအလုံးလိုက်ကြီး ကိုယ်ပိုင်လွှတ်တင်ကြတော့တာမဟုတ်ဘူး။ အခုကတော့ဗျာ။ သရက်ပင်ဆိုရင် သရက်သီးကိုပဲဝယ်တဲ့သဘောပေါ့။ ကွန်ဒိုမှာ တိုက်ခန်းတစ်ခန်း ၀ယ်တဲ့သဘော။ (IRU)လို့ခေါ်တယ်။ မဖောက်ဖျက်နိုင်သောမဖျက်သိမ်းနိုင်သောသဘော။ ဆိုလိုတာက ဒီဂြိုလ်တုသက်တမ်းကုန်တဲ့အထိ ကျွန်တော်တို့မြန်မာနိုင်ငံကသုံးလို့ရတယ်။ အခုဂြိုလ်တုက အပေါ်ကို ရောက်သွားရင် စတင်ပြီးအသက်ဝင်အသုံးပြုလို့ရမှာ အောက်တိုဘာ ၁ ရက်နေ့ဖြစ်ပါတယ်’’ဟု ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံမှ အဆိုပါ ဆက်သွယ်ရေးဂြိုလ်တုလွှတ်တင်ရန် အချိုးကျထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကိုပထမအကြိမ်တွင် ၃၀ ရာခိုင်နှုန်း၊ ဒုတိယအကြိမ်တွင် ၅၀ ရာခိုင်နှုန်းထည့်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းထည့်သွင်းသွားမည်ဖြစ်သည်။