Master, Visa စသည့် Prepaid ကတ်များကို ကျပ်ငွေပေးချေရာ၌အသုံးပြုပါက အရေးယူမည်

Master, Visa, UPI နှင့် JCB Prepaid ကတ်များကို ပြည်တွင်း၌ ကျပ်ငွေဖြင့်ပေးချေရမည့်နေရာများတွင် အသုံးပြုပါကအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

Master, Visa စသည့် Prepaid ကတ်များကို ကျပ်ငွေပေးချေရာ၌အသုံးပြုပါက အရေးယူမည်
လက်ရှိ ပြည်တွင်းမှစားသောက်ဆိုင်များနှင့် Shopping Mall များတွင် မြန်မာကျပ်များဖြင့်ဝယ်ယူရာ၌ ဘဏ်အမည်အပြင် စားသောက်ဆိုင်များ၊ Shopping Mall အမည်များပါရှိသည့် Master, Visa, UPI နှင့် JCB Prepaid ကတ်များအသုံးပြုကာဝယ်ယူမှုများရှိနေသည့်အပေါ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

“ ကြိုတင်ငွေဖြည့်ကတ်ကိုင်ဆောင်သူတွေသိထားရမှာက ကျပ်ငွေနဲ့ အသုံးပြုဖို့မဟုတ်ဘူး။ ကျပ်ငွေနဲ့ အသုံးပြုနေတာတွေကို စစ်ဆေးတွေ့ရှိတယ်။ ဒါမျိုးတွေတွေ့နေရလို့ ဘဏ်တွေကို သတိပေးစာထုတ်ပြန်တာ ဖြစ်ပါတယ်။ သတိပေးထားတာတောင် သုံးစွဲနေတာတွေ့ရင် အရေးယူဆောင်ရွက်မှာပါ။ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်မလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်တွင်းဘဏ်များအနေဖြင့် Master , Visa , UPI နှင့် JCB Prepaid ပြည်တွင်း၌ သုံးစွဲခြင်း၊ Shopping Mall များ၊ စားသောက်ဆိုင်များအမည်ကို ကြိုတင်ငွေဖြည့်ကတ်တွင် ဖော်ပြခြင်းများနှင့် ပတ်သက်၍ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဘောင်အတွင်းသာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်ကလည်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများ ပြည်ပသို့ သွားရောက်သည့်အခါနှင့် ပြည်ပရှိ နိုင်ငံခြားသားဧည့်သည်များ ပြည်တွင်းသို့ လာရောက်သည့်အခါ၌ ငွေပေးချေရာတွင် လွယ်ကူစေရန် ရည်ရွယ်ပြီး ကြိုတင်ငွေဖြည့်ကတ်များကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကတ်များကို ကန်ဒေါ်လာ ၅၀၀၀ အထိကန့်သတ်ထုတ်ဝေရန် ခွင့်ပြုထားပြီးဖြစ်ကာ မြန်မာနိုင်ငံသားများပြည်တွင်း၌ ကျပ်ငွေဖြင့် အသုံးပြုရန်ခွင့်ပြုခြင်း မဟုတ်ကြောင်း သတိပေးစာထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြထားသည်။ပြီးခဲ့သော ၂၀၁၂ ခုနှစ်မှစတင်ပြီး အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်အဖြစ် ကတ်များကိုစတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။