၂၀၁၉ ခုနှစ်တွင် စွမ်းဆောင်ရည်မပြည့်ဝသည့် ပါတီဝင်များကို အစားထိုးမည်ဟု NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြော

၂၀၁၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အရည်အချင်းမပြည့်မီသည့် ပါတီဝင်များကို စိစစ်ဖော်ထုတ်ပြီး တက်ကြွ သူများနှင့် အစားထိုးသွားမည်ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန့် က အကုန်သိသတင်းဌာနသို့ ပြောသည်။“ အရည်အချင်းမပြည့်တာတွေ၊ ဆက်ဆံရေး မပြေပြစ်တာတွေက အဖွဲ့အစည်းအကြီးဆိုတော့ ရှိတာပေါ့။ ရှိတာတွေကို စိစစ် ဖော်ထုတ်ပြီး အစားထိုးသွားမယ်လို့ ပြောတာပါ။ ၂၀၁၉ မှာ စမှာပါ” ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်


လွှတ်တော်ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားသူများသည် ပါတီတာဝန်တစ်ခုတည်းယူထားသူများ မဟုတ်သည့်အတွက် အရေးယူရန် အခက်အခဲရှိပြီး အရေးကြီးသည့် အဂတိလိုက်စားမှုနှင့် လူမှုရေးဖောက်ပြန်မှုများရှိလာပါက အရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။“ တာဝန်ယူထားပြီး တာဝန်မကျေတဲ့ သူတွေကို ပိုပြီးတော့ တက်ကြွတဲ့သူတွေနဲ့ အစားထိုးမယ်လို့ အစောကြီးကတည်းက ပြော ထားပါတယ်။ ပါတီဝင်တွေကတော့ အစည်းအဝေး မှန်မှန်မတက်တာ။ ပါတီက တာဝန်ပေးတာကို မသွားတာတွေကို အရေးယူမှာပါ” ဟု ဒေါက်တာမျိုးညွှန့် က ပြောသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အစိုးရတာဝန်ယူသည့် ကာလအတွင်း ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးခန့် တိုင်ကြားခံထားရကြောင်း သိရသည်။၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေးအဖွဲ့ချုပ်ပါတီမှ ၇ နေရာသာ အနိုင်ရှိခဲ့သည့်အတွက် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ပြုပြင်ပြောင်းလဲရေးများလုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။