လူနာအား အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံ၏ အယူခံကို မူလအမိန့်အတိုင်း ကျပ်သိန်း ၃၀၀ ပေးစေရန်သာ ပြန်လည်ချမှတ်

လူနာအား အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံကို ကျပ်သိန်း ၃၀၀ ပေးစေရန် ချမှတ်ခဲ့သည့် ခရိုင်တရားရုံး အမိန့်ကို ဆေးရုံဘက်က တိုင်းတရားလွှတ်တော်သို့ အယူခံတက်ခဲ့ရာ မူလတရားရုံး အမိန့်ကိုသာ အတည်ပြုကြောင်း မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်လှလှရီက ချမှတ်ခဲ့သည်ဟု မန္တလေး တိုင်းတရားလွှတ်တော်မှ သတင်းရရှိသည်။

Image result for မြို့တော်ဆေးရုံ

အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော် ပြခဲ့သဖြင့် လူနာရှင်အား တရားရုံးကုန်ကျစရိတ်နှင့် နစ်နာကြေး ကျပ်သိန်း ၃၀၀ ပေးဆောင်စေရန် မန္တလေးခရိုင်တရားရုံးက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။“မြို့တော်ဆေးရုံရဲ့ အယူခံတက်လာတဲ့ အမှုမှာဆိုရင် မူလရုံးရဲ့အမိန့်ကိုသာ အတည်ပြုခဲ့ပါတယ်။ သူတို့တက်လာတဲ့ အယူခံကို ပလပ်လိုက်တဲ့ သဘောပေါ့” ဟု မန္တလေးတိုင်း တရားလွှတ်တော် တရားရေး ဦးစီးမှူး ဒေါ်ခင်ခင်ချိုက ဖြေကြားခဲ့သည်။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆ နှစ်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာအတွင်းက ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့ရှိ မြို့တော်ဆေးရုံသို့ တက်ရောက် ကုသခဲ့ရာ ဆေးစစ်ချက်အဖြေတွင် အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရပြီး ရောဂါပိုးမြင့်မားသောကြောင့် အဆုတ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ရောဂါအခြေအနေအရ ကုသခဲ့ရာ ဆေးရုံတွင် အိပ်ခ်ျအိုင်ဗွီပိုး ရောဂါရှိသူများနှင့်အတူ ကုသနေထိုင်ရသည့် အတွက် မနေလိုသဖြင့် ဆေးရုံမှဆင်း၍ ရွာသို့ ပြန်လာခဲ့ကြောင်း၊ ဆေးရုံမှဆင်းအပြီး တစ်လခန့်အကြာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ နားအကြားအာရုံ ချို့တဲ့နေသဖြင့် ရန်ကုန်မြို့ ဆာကူရာဆေးရုံသို့ သွားရောက် စစ်ဆေးရာ ဦးဝင်းတင်တွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိသည်ကို ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ အိပ်ခ်ျအိုင်ဗွီပိုး မရှိဘဲ ရှိသည်ဟုဆိုကာ မှားယွင်းဖော်ပြခဲ့သလို အဆိုပါပိုးရှိသည် ဆိုသဖြင့် သောက်သုံးခဲ့ရသည့် ဆေးများကြောင့် အကြားအာရုံ ချို့တဲ့ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ ဆေးကုသရာတွင် တိကျသေချာမှု မရှိခြင်းကြောင့် လူနာမှာရပ်ရွာတွင် အရှက်ရခြင်းတို့အတွက် နစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်း ၃၀၀ ရလိုကြောင်း နစ်နာခဲ့သူ ဦးဝင်းတင်က တရားလိုပြုလုပ်ကာ မြို့တော်ဆေးရုံကိုယ်စား တာဝန်ခံရုံးအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်းအား ၂၀၁၆ ခုနှစ် အောက်တိုဘာမှ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထိုသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာက တရားစွဲဆိုခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါ ရီ၂၀ ရက်တွင် လူနာရှင်အား နစ်နာကြေးကျပ် သိန်း ၃၀၀ ပေးဆောင်စေရန် မန္တလေးခရိုင် တရားရုံးက အမိန့်ချမှတ်ရာ ဆေးရုံဘက်ကလည်း တိုင်းတရားလွှတ်တော်သို့ အယူခံတက်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မူလတရားရုံးအမိန့်သာ အတည်ဖြစ်စေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

Credit-EMG

Be the first to comment

Leave a Reply

Your email address will not be published.


*